Sunday, August 23, 2015

သေမင်းတမန်​စာအုပ်​..ဇာတ်​သိမ်းပိုင်း


သေမင်းတမန်စာအုပ်(ဇာတ်​သိမ်း)
**********
 ဇာတ်သိမ်း

ကိုကိုတို့ အိမ်နှင့် ညီရဲတို့အိမ်က ရက်ကွက် တစ်ခုသာ ခြားသဖြင့် မိနစ်အနည်းငယ် အတွင်းမှာပင် ရောက်ရှိသွားသည် ။
အိမ်ထဲတွင် မီးရောင်ကို လှမ်းမြင်ရသော်လည်း ခြံတံခါးမှာ.သော့ခတ်ထားလေပြီ ။
အော်ခေါ်လျှင်လည်း မရနိုင်သည်မို့ ခြံတံခါးကို ကျော်တက်ကာ ခြံထဲသို့ ခုန်ဆင်းလိုက်သည် ။
ထို့နောက် အိမ်ကြီးဆီသို့ အပြေးလာခဲ့သည် ။
" ညီရဲ .. ညီရဲ .. "
" ဘုန်း .. ဘုန်း .. ဘုန်း .. "
" ညီရဲ ... "
" ဦးလေးငယ် .. အန်တီမြင့် .. "
အတန်ကြာသည်အထိ တံခါးကို လက်ဖြင့် ပုတ်လိုက် ၊ အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက် လုပ်ရာ အထဲမှ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေးသည် ။
" ဟင် .. ဦးလေးငယ် "
" ကိုကိုပါလား .. အချိန်မတော် ဘာဖြစ်တာလဲ "
" ဦးလေးငယ် .. ညီရဲရော "
" သား အိပ်နေရောပေါ့ .. ဘာလို့လဲ "
ထိုစဉ် အန်တီမြင့်ပါ သူတို့အနားသို့ ရောက်လာသည် ။
" ညီရဲ .. ညီရဲ အခုလေးတင် ကျွန်တော့်ကို ဖုန်းဆက်လို့ .. သူ .. သူ တစ်ခုခုများ ဖြစ်နေမလားလို့ "
" ဟင် ... "
ကိုကို၏ သရုပ်ပျက်နေမှုကြောင့် ညီရဲ၏ မိဘများပါ စိုးရိမ်သွားကြသည် ။
" ညီရဲအခန်းကို သွားကြည့်ကြရင် မကောင်းဘူးလား "
ထို့နောက် ညီရဲ၏ အခန်းသို့ တက်လာကြသည် ။
" ဒေါက် .. ဒေါက် .. ဒေါက် .. "
" သားရေ .. သား .. တံခါးဖွင့်ပါဦး "
" ညီရဲ .. ညီရဲ "
အထဲမှ တုံ့ပြန်သံ မကြားရသဖြင့် အားလုံး ညီရဲအတွက် စိတ်ပူသွားကြသည် ။
" ကိုငယ် .. တံခါးကို ဖွင့်ပါတော့် "
ဦးလေးငယ် လည်း အသင့်ပါလာသော သော့ဖြင့် တံခါးကို ဖွင့်လိုက်သည် ။
" ဟာ .. "
" အမလေး .. သား .. သား ... "
အန်တီမြင့်မှာ သားအဖြစ်ကိုကြည့်ကာ သတိမေ့သွားသဖြင့် ဦးလေးငယ်မှာ အလိုက်သင့်ထိန်းကာ ဧည့်ခန်းထဲသို့ ပွေ့သွားသည် ။
ကိုကိုသည် ညီရဲ၏ အဖြစ်ကိုကြည့်ကာ အသက်ပင် ရှူမိရဲ့လား မသိတော့ ။
ညီရဲအခန်းထဲရှိ မှန်တင်ခုံပေါ်ရှိ မှန်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေနေပြီး ကြီးမားသော မှန်ကွဲစကြီး တစ်ခုသည် ညီရဲ၏ လည်ပင်းကို တုတ်ချင်းပေါက်နေသည် ။
သွေးများမှာလည်း မြင်မကောင်းအောင် အိုင်ထွန်းနေပြီး ညီရဲ၏ မျက်နှာမှာ တစ်စုံတစ်ခုကို ကြောက်လန့်ဟန်ကြောင့် မျက်လုံးများမှာ ပြူးထွက်နေသည် ။
ညီရဲ၏ အဖြစ်ကိုကြည့်ကာ မျက်ရည်ပင် ကျမိသည်။
ထိုစဉ် တစ်စုံတစ်ခုကို အမှတ်ရလိုက်သည် ။
ကိုကိုသည် အလျင်အမြန်ပင် ညီရဲနှင့် အနီးတစ်ဝိုက်တွင် မှတ်စုစာအုပ်လေးကို ရှာကြည့်လိုက်သည် ။
မတွေ့  ။
မကြာမီ ဦးလေးငယ်၏ အကြောင်းကြားမှုကြောင့် ရဲများရောက်လာကာ အခင်းဖြစ်ရာနေရာကို စစ်ဆေးခြင်း ၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်သည် ။
ကိုကို့ကိုပင် ခေါ်ယူစစ်ဆေးသဖြင့် အကျိုးသင့် အကြောင်းသင့် ပြောခဲ့ရသေးသည် ။
ယခုဆိုလျှင် သူငယ်ချင်း သုံးယောက်ရှိသည့်အနက် နှစ်ယောက်မှာ.ရက်လည်သာ ခြား၍ သေဆုံးသွားခဲ့ပြီ ။
ကိုကို တစ်ယောက်သာ ကျန်တော့သည် ။
ငဇော်နှင့် ညီရဲတို့၏ ထူးဆန်းစွာ သေဆုံးမှုကို လူများကပင် စိတ်ဝင်တစား ရှိလာကြသည် ။
ကိုကိုနှင့် တွေ့တိုင်း မေးကြသည်မို့ ကိုကိုတစ်ယောက် အပြင်သို့ပင် မထွက်ရဲအောင် ဖြစ်နေသည် ။
ညီရဲ၏ ရက်လည်ကိစ္စကိုပင် စိတ်လိုလက်ရ မကူညီနိုင်ပေ ။
ကိုကို၏ မိဘများကလည်း ငဇော်နှင့် ညီရဲတို့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို သေဆုံးသွားသည့်အတွက် ကိုကို့အတွက် စိုးရိမ်ကာ မျက်ခြေမပျက်အနီးကပ် စောင့်ကြည့်နေကြရသည် ။
သို့ဖြင့် ညီရဲ၏ ရက်လည်ဆွမ်းသွပ် ပြီးဆုံးသွားလေပြီ ။

~~~~~~~~~~~

ရက်လည်ပြီးသည့်ည ။
ညဦးပိုင်း၌ ကိုကိုတစ်ယောက် မိဘနှစ်ပါးနှင့်အတူ ဧည့်ခန်းတွင် တီဗီ ထိုင်ကြည့်နေသည် ။
ည ဆယ်နာရီခန့်တွင် မိဘများ အိပ်ကြတော့မည်မို့ ကိုကို အပေါ်ထပ်ရှိ သူ၏ အခန်းသို့ တက်လာခဲ့သည် ။
စိတ်လှုပ်ရှားမှုများကြောင့် မအိပ်ချင်သေးပေ ။
ထို့ကြောင့် အခန်းထဲဝင် ၊ တံခါးပိတ်ပြီး ဟာသကား ကြည့်နေလိုက်သည် ။
ဇာတ်ကားထဲတွင် ရယ်စရာများ လာနေသော်လည်း ကိုကိုမှာ မရယ်နိုင်ပေ ။
တီဗီကိုလည်း မကြည့်နိုင် ။
အတွေးများဖြင့်သာ ချာချာလည်နေသည် ။
ငဇော် ၊ ညီရဲနှင့် စာအုပ် ။
ထိုစာအုပ် ငဇော့်ထံသို့ ရောက်လာပြီး ငဇော် အသေဆိုးဖြင့် သေခဲ့သည် ။
တစ်ဖန် ထိုစာအုပ်သည် ညီရဲထံသို့ ရောက်လာပြန်ပြီး ညီရဲ အသေဆိုးဖြင့် သေရပြန်သည် ။
ကိုကို၏ အချစ်ဆုံး သူငယ်ချင်းများ ။
ခုဆိုလျှင် ကိုကိုတစ်ယောက်သာ ကျန်တော့သည် ။
ထိုစာအုပ်သည် ကိုကို့ထံသို့ ရောက်မလာဘူးဟု မပြောနိုင် ။
အဘယ့်ကြောင့်ဆိုသော် အိမ်မည်းကြီးထဲသို့ စပ်စပ်စုစုသွားသူများထဲတွင် ကိုကိုလည်း အပါအဝင် မဟုတ်ပါလား ။
ငဇော်နှင့် ညီရဲတို့ သေဆုံးမှုသည် မှတ်စုစာအုပ်လေးနှင့် ပတ်သတ်နေသည် ။
မှတ်စုစာအုပ်လေးသည် သူတို့ ရောက်ခဲ့သော အိမ်မည်းကြီးနှင့် ပတ်သတ်နေသည် ။
အိမ်မည်းကြီး၌ ပရလောကသားများ ရှိနေသည် ။
ဤသို့ဆိုလျှင် ငဇော်နှင့် ညီရဲတို့ သေဆုံးမှုသည် ပရလောကသားများနှင့် ပတ်သတ်ကောင်း ပတ်သတ်နေနိုင်သည် ။
ကိုကိုသည် တွေးလေ နက်နဲလေ ၊ နက်နဲလေ စိတ်လှုပ်ရှားကာ ကြောက်ရွံ့လာလေ ဖြစ်နေတော့သည် ။
မျက်လုံးများ ကျိန်းစပ် လာပြီမို့ နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်ခွဲသွားပြီ ။
ထို့ကြောင့် တီဗီကို ပိတ်ကာ အောက်ထပ်ဆင်းပြီး အပေါ့အပါးသွားသည် ။
မိဘများ အိပ်နေကြပြီ မဟုတ်လား ။
ရေခဲသေတ္တာထဲမှ ရေတစ်ဗူးယူကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည် ။
အခန်းတံခါးကို လော့ချလိုက်ပြီး ပြန်အလှည့်
" ဟင် .. "
" ဒုန်း .. "
ကုတင်ပေါ်တွင် တွေ့လိုက်ရသော စာအုပ်ကြောင့် လက်ထဲမှ ရေဗူးပင် လွတ်ကျသွားသည် ။
စာအုပ် ။
မှတ်စုစာအုပ် ။
သားရေဖုံးအနက်နှင့် မှတ်စုစာအုပ်လေး ။
ငဇော်နှင့် ညီရဲတို့ကို သေမင်းနိုင်ငံသို့ ပို့လိုက်သည့် သေမင်းတမန်စာအုပ်လေး ။
ကိုကို ဘာမှ စဉ်းစားမနေဘဲ စာအုပ်လေးကို ကောက်ကာ ပြတင်းပေါက်ဖွင့်၍ အောက်သို့ ပစ်ချလိုက်သည် ။
ထိုသို့ ပြုလုပ်လိုက်ပြီးမှ စိတ်အနည်းငယ် သက်သာသွားကာ ရေအဝသောက်ပြီး အိပ်ရာပေါ် လှဲလိုက်သည် ။
" ဟင် .. "
တစ်စုံတစ်ခု အောက်မှာ ခံနေသဖြင့် ချက်ချင်းထကာ ကြည့်လိုက်သည် ။
" ဟာ .. ဒီ .. ဒီစာအုပ် .. ငါ လွှင့်ပစ်တာ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ "
" မဖြစ်ဘူး .. မီးရှို့ပစ်ရမယ် "
စာအုပ်ကို ယူပြီး အခန်းထဲက ထွက်မည်ပြုရာ အခန်းတံခါးမှာ ဖွင့်မရတော့ပေ ။
" ဟင် .. ဘာလဲဟ."
ကိုကို တုန်လှုပ်လာပြီ ။
ထို့ကြောင့် အခန်းထဲတွင် မီးခြစ်လိုက်ရှာရာ အံဆွဲထဲ၌ တွေ့သဖြင့် မီးရှို့မည်ပြုလိုက်စဉ် အတွေးတစ်ခု ဝင်လာသည် ။
" ငဇော်မသေခင် ညီရဲကို ပြောသွားတာ ဒီစာအုပ်ထဲမှာ စာတွေရေးထားတယ်တဲ့ .. နောက်ပြီး ညီရဲ မသေဆုံးခင်ညကလည်း ဒီစာအုပ်ထဲမှာ စာတွေရှိတယ်တဲ့ .. ညီရဲက ဒီစာအုပ်ကို ဖတ်ပြီး ကြောက်နေတာထင်တယ် .. ဒီစာအုပ်ထဲမှာ ဘာတွေ ရေးထားလို့လဲ "
စူးစမ်းလိုစိတ်က တားမရ ဆီးမနိုင် ဖြစ်လာသည် ။
" ဖတ်ပြီးမှ မီးရှို့ရင်လည်း ရတာပဲ "
ဖတ်ရမှာလည်း စိတ်လှုပ်ရှားနေသည် ။ စိတ်လှုပ်ရှားနေသည့်ကြားမှလည်း ဖတ်ချင်နေမိသည် ။
ထို့ကြောင့် ဖြစ်ချင်ရာ.ဖြစ်ဟု သဘောထားကာ စာအုပ်လေးကို ဖတ်မည်ဟု ဆုံးဖြတ်လိုက်ကာ ကုတင်ပေါ် ထိုင်လိုက်သည် ။
ထို့နောက် တုန်ယင်နေသော လက်အစုံဖြင့် စာအုပ်အဖုံးလေးကို လှန်လိုက်သည် ။

`မင်းတို့က ပရလောကသားတွေကို
စော်ကားတယ် ´

ပထမ စာမျက်နှာတွင် တွေ့လိုက်ရသော စာကြောင်းလေးကြောင့် ကိုကို၏ ကိုယ်လေး ဆတ်ခနဲ့ ဖြစ်သွားသည် ။
ဒါ ဘာကို ရည်ညွှန်းထားတာလဲ ။
သူတို့ အိမ်မည်းကြီးသို့ ရောက်စဉ်က ပရလောက သားတွေကို မယုံကြည်သဖြင့် နောက်ပြောင် သရော်ခဲ့ခြင်းကို ဆိုလိုတာလားဟု ကိုကို တွေးမိလိုက်သည် ။
ထို့နောက် နောက်တစ်ရွက်ကို လှန်လိုက်သည် ။

`ပရလောကသားတွေက မင်းတို့ကို
ဘာမှ မလုပ်နိုင်ဘူးတဲ့လား ´

ထို့နောက် ဆက်လှန်လိုက်သည် ။

`ငါ့ပိုင်နက်က လွတ်သွားလို့ မင်းတို့ကို
ငါက မသတ်နိုင်ဘူး ထင်နေတာလား´

`ပရလောကသားတွေကို မကြောက်ဘူး
မဟုတ်လား ´

`ပရလောကသားတွေကို
မြင်ချင်တယ် မဟုတ်လား ´

တစ်ရွက်လျှင် တစ်ကြောင်းရေးထားသည်မို့ ဆက်လှန်လိုက် ၊ ဖတ်လိုက်လုပ်နေရင်း ကိုကို သိသိသာသာ ကြောက်ရွံ့တုန်လှုပ်လာသည် ။
ဇောချွေးများပြန်လာကာ စာရွက်များကို ဆက်လှန်နေမိသည် ။

`ငါလာခဲ့မယ် ´

`ငါလာခဲ့မယ် ´

နောက်ပိုင်းက စာရွက်များတွင် `ငါလာခဲ့မယ် ´ဟူသော စာကြောင်းကိုသာ ရေးထားသည် ။
စာရွက်များကို ဆက်တိုက်လှန်ရာ `ငါလာခဲ့မယ်´ ဟူသော.စာကြောင်းကိုသာ.တွေ့ရသဖြင့် ကိုကို၏ နားထဲတွင် ထိုစာကြောင်းသည် တစ်စုံတစ်ယောက်က အနားနား ကပ်ပြောနေသကဲ့သို့ ပဲ့တင်ထပ်ကာ နေသည် ။
နှလုံးခုန်သံတွေမြန်ကာ စိတ်တွေ ထိန်းချုပ်၍ မရနိုင်အောင် တုန်လှုပ်လာသည် ။
စာအုပ်ကို အဝေးသို့ လွှင့်ပစ်လိုက်ရင်း ကုတင်ပေါ်မှ ဆင်းကာ အပေါက်သို့ ပြေးသွားပြီး တံခါးကို ဖွင့်သည် ။
ဖွင့်၍ မရ ။
အခန်းထဲတွင် ဟိုသည်လျှောက်ရင်း.သွေးပျက်လာသည် ။
ရုတ်တရက် ဖုန်းကို သတိရပြီး စိတ်ထဲရှိရာ ဂဏန်းများကို နှိပ်လိုက်သည် ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဖုန်းဝင်သွားကာ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည် ။
" ဟလို .. "
" ဟလို .. မှတ်စုစာအုပ် .. အနက်ရောင် မှတ်စုစာအုပ် .. "
" ဟမ် ... ဘာတွေ ပြောနေတာလဲ "
" အဲ့ဒါ .. သေမင်းတမန်စာအုပ်ပဲ .. ငါသေပြီး ရက်လည်တဲ့ညကျရင် မင်းဆီကို သေမင်းတမန်စာအုပ် ရောက်လာလိမ့်မယ် .. ရောက်လာလိမ့်မယ် .. "
" ဘာ .. "
" ဒေါက် .. ဒေါက် .. ဒေါက် ... "
တစ်ဖက်မှ ဒေါသသံနှင့်အတူ တံခါးခေါက်သံ ကြားလိုက်သဖြင့် ကိုကို့လက်ထဲမှ ဖုန်းပင် လွတ်ကျသွားသည် ။
" ဘယ်သူလဲ .. ဘယ်သူလဲ .. "
" မလာနဲ့ .. ငါ့ဆီကို မလာနဲ့ .. "
ကိုကိုသည် နားနှစ်ဖက်ကို လက်ဝါးဖြင့်အုပ်ကာ အခန်းထောင့်တွင် ကပ်နေလိုက်သည် ။
သူ၏ စိတ်များ ထိန်းချုပ်နိုင်စွမ်း မရှိတော့အောင် ထိတ်လန့်ကြောက်ရွံ့နေပြီ ။
' ငါလာခဲ့မယ်´ ဟူသော အသံကို နားထဲတွင် အလိုလို ကြားနေရသည် ။
မကြာမီ အခန်းတံခါးကို ဖောက်ထွင်း၍ အရိပ်မည်းကြီးတစ်ခု အခန်းထဲသို့ ဝင်လာသည် ။
" ဘယ်သူလဲ .. မလာနဲ့ .. သွား .. "
ထိုအရိပ်မည်းကြီးသည် ကိုကို့ထံသို့ တရွေ့ရွေ့ တိုးကပ်လာပြီးနောက် ကိုကို၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည် ။
ကိုကို ဘာမှ မသိတော့ ။

ကိုကို ပြန်သတိရလိုက်စဉ် သူ၏ လည်ပင်းတွင် မခံမရပ်နိုင်အောင် တင်းကျပ်နေပြီး အသက်ရှူ၍ မရတော့ ။
ခြေအစုံကလည်း ကြမ်းပြင်နှင့် လွတ်ကာ လေထဲတွင် တွဲလောင်းကြီးဖြစ်နေသည် ။
လည်ပင်းမှ တင်းကျပ်မှုကြောင့် အစွမ်းကုန် ရုန်းကန်ရင်း လည်ပင်းကို လက်ဖြင့် ကိုင်လိုက်ရာ ကြိုးကွင်းက တင်းကျပ်စွာ အသားထဲ နစ်ဝင်နေလေပြီ ။
ကိုကို နောက်ဆုံးသိလိုက်ရသည်က သူ့ကို ပြုံး၍ စိုက်ကြည့်နေသော လူကြီးတစ်ယောက် ... ။ ။

‪#‎စာဖတ်သူတို့‬
ကိုကိုဖုန်းဆက်လိုက်တဲ့သူဟာ စာဖတ်သူတို့ထဲက
တစ်ယောက်ယောက် ဖြစ်ချင်ဖြစ်နေမှာနော် ...
အနက်ရောင် သားရေဖုံးနဲ့ မှတ်စုစာအုပ်လေးကို
များ အမှတ်တမဲ့ တွေ့ရှိခဲ့ပါက ...
‪#‎သေမင်းတမန်စာအုပ်‬ ဖြစ်နေဦးမယ်နော် ...

‪#‎ပြီးပါပြီ‬#
########


သေမင်းတမန်​စာအုပ်​..အပိုင်း ၂




သေမင်းတမန်စာအုပ် ၂
*************
အပိုင်း(၂)

အသုဘ လိုက်ပါပို့ဆောင်သူများ တရားနာပြီး၍ အလောင်းပါ ဂူသွင်းပြီးပြီမို့ အသီးသီး ပြန်ကုန်ကြသည် ။
မပြန်နိုင်သူများက ကိုကိုနဲ့ ညီရဲ ။
ယခု အသုဘသည် သူတို့၏ အချစ်ဆုံး သူငယ်ချင်း ငဇော်၏ ဈာပနာပင်မဟုတ်လား ။
ငဇော်အတွက် ယူကြုံးမရဖြစ်ကာ သုသာန်ထဲ၌ သူတို့နှစ်ဦးသာ ကျန်ရစ်ခဲ့လေသည် ။
" ဟူး ... ငဇော်ရာ "
ကိုကိုမှာ လေပူတစ်ချက် မှုတ်ထုတ်ကာ သဲ့သဲ့လေး ညည်းလိုက်သည် ။
" ညီရဲ ... ငဇော် ဘာလို့ သူ့ကိုသူသတ်သေသွားတာလဲ ငါသိချင်တယ်ကွာ "

မှန်ပေသည် ။
ငဇော်တစ်ယောက် သူ၏ အခန်းထဲတွင်ရှိနေသော ဓားအသေးလေးဖြင့် သူ၏ ပင်မသွေးကြောများကို ဖြတ်တောက်တာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည် ။
ထိုအဖြစ်အပျက်သည် ငဇော် ညီရဲကို နောက်ဆုံး ဖုန်းခေါ်သော နေ့က ဖြစ်ပျက်သွားခဲ့သည် ။

ညီရဲသည် ထိုနေ့ညကလည်း ကောင်းကောင်း အိပ်၍ မပျော် ။ မနက်လင်းတော့လည်း အစောကြီးနိုးကာ ငဇော့်ကို စိတ်ပူမိသဖြင့် နိုးနိုးချင်း ကိုကို၏ အိမ်သို့ သွားလေသည် ။
ကိုကိုက အိပ်ကောင်းနေဆဲ ။
" ဒေါက် .. ဒေါက် .. ဒေါက် ... "
" ကိုကို ... ကိုကို .. ဟေ့ရောင် ကိုကို ... "
" ဘယ်သူလဲ .. စောစောစီးစီး "
" ငါ ညီရဲပါကွ .. တံခါးဖွင့်ဦး "
ခဏအကြာ မျက်လုံးများကို ပွတ်သပ်ရင်း ကိုကို တံခါးလာဖွင့်သည် ။
" ဘာလဲကွာ .. စောစောစီးစီး "
ညီရဲကို တံခါးဖွင့်ပြီးသည်နှင့် ကုတင်ပေါ်တွင် ပြန်အိပ်နေသည် ။
" ဟေ့ရောင် ကိုကို .. ထပါကွ .. ငါတို့ ငဇော့်ဆီ သွားရအောင် "
" ဟာကွာ .. ဘာသွားလုပ်မှာလဲ "
" မနေ့ညက ငဇော်ငါ့ဆီဖုန်းဆက်ပြီးကတည်းက ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲကွ .. "
" ညီရဲ .. မနေ့ညကလည်း ငါ့ကို အိပ်ရေးပျက်အောင်လုပ်ထားပြီးပြီ .. အခုလည်း အိပ်ရေးဝအောင် ပေးမအိပ်ဘူး ... ငဇော်က မင်းကို နောက်တာပါကွာ "
" ဘာပဲဖြစ်ဖြစ် သွားကြည့်ရအောင်ပါကွာ .. ငါ ငဇော့်ကို စိတ်ပူနေလို့ "
" ငါ အိပ်ရေးမဝသေးဘူးကွာ .. မင်းဖာသာသွား .. ငါမလိုက်ဘူး .. ဆက်အိပ်ဦးမှာ "
" ကိုကို .. မင်းကိုငါပြောမယ် .. ငါ မနေ့ညက ငဇော့်အကြောင်းတွေးပြီး မအိပ်ရဘူး .. မနက်ရောက်တော့လည်း အစောကြီးနိုးနေတာ .. ငါ့ကို အားနာပါဦးကွာ .. ငဇော် အဆင်ပြေတယ်ဆိုရင် ဒီနေ့တစ်နေကုန် မင်းအိပ်နေလို့ရတယ် .. ခုတော့ လိုက်ခဲ့ပေးပါကွာ .. ငဇော်က ငါတို့ သူငယ်ချင်းပါ .. သူတစ်ခုခု ဖြစ်/နေမှာ စိုးလို့ပါ "
" ညီရဲရာ . မင်းကိုတော့ ငါအတော် စိတ်ကုန်သွားပြီ . မလိုက်ရင်လည်း ငါ ဆက်အိပ်လို့ ရမှာ မဟုတ်ဘူး .. လိုက်မယ်ကွာ .. လိုက်မယ် "
ကိုကို အိပ်ရာမှ ထကာ ညီရဲနှင့် အတူ အောက်ထပ်သို့ ဆင်းလိုက်လာသည် ။
" သားတို့ .. ဘယ်သွားကြမလို့လဲ "
ကိုကို့အမေက ဆီး၍မေးသည် ။
" ငဇော့်ဆီ သွားမလို့ပါ မေမေ "
" ကော်ဖီသောက်ပြီးမှ သွားကြပါလား သားတို့ "
" မသောက်တော့ပါဘူး အန်တီ .. ငဇော့်အိမ်ရောက်မှပဲ သောက်တော့မယ် "
" အေးလေ .. ဒါဆိုလဲ ပြီးတာပဲ "
" ညီရဲ .. မင်း ဆိုင်ကယ်ပါလား "
" ပါတယ် .. မင်းမျက်နှာသစ်ဦးလေ "
" မသစ်တော့ဘူး .. ငဇော့်ဆီရောက်ရင် ဆက်အိပ်ဦးမှာ "
" မင်းသဘော "
ထို့နောက် ညီရဲ၏ ဆိုင်ကယ်လေးနှင့်ပင် ငဇော့်အိမ်သို့ ထွက်ခဲ့ကြသည် ။
ငဇော့်အိမ်က ရက်ကွက် သုံးခုလောက်သာ ခြားသဖြင့် သိပ်မကြာဘဲ ရောက်ခဲ့ကြသည် ။
" အန်တီမေ ... ငဇော်ရော "
" ငဇော် အိပ်ရာက မထသေးဘူးကွဲ့ .. သွားနှိုးပြီး ခေါ်ခဲ့ကြ .. အန်တီမေ ကော်ဖီဝိုင်း ပြင်ထားလိုက်မယ် "
" ဟုတ် .. အန်တီမေ "
ထို့နောက် အပေါ်ထပ်ရှိ ငဇော့်အခန်းသို့ တက်ခဲ့ကြသည် ။
" ဟေ့ရောင် .. လော့ချထားတယ်ကွ "
" ခေါ်လေ "
" ငဇော် .. ငဇော် .. "
" ဒုန်း .. ဒုန်း .. ဒုန်း .. "
" ဟေ့ရောင် ငဇော် .. "
အပြင်မှ ခေါ်သူများပင် မောလာပြီ ။
အထဲမှ တုံ့ပြန်သံ တစ်စုံတစ်ရာ မကြားရ ။ ထို့ကြောင့် ညီရဲမှာ မျက်နှာပျက်စပြုလာပြီ ။
" ကိုကို .. ဒီကောင် အိပ်မောကျနေတာတော့ မဖြစ်နိုင်တော့ဘူး "
" အေးကွ .. အန်တီမေကို သွားပြောမှ ဖြစ်မယ် "
ထို့နောက် ငဇော့်မိဘများက အပြင်မှ သော့ဖြင့် တံခါးကို ဖွင့်လိုက်ကြသည် ။
အထဲတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကိုကိုနှင့် ညီရဲတို့ အသက်ရှူပင် မှားသွားကြသည် ။
" ဟင် .. "
" ဟာ .. ငဇော် .. "
" အမလေး .. သား .. သား .. "
အားလုံး အခန်းထဲသို့ ပြေးဝင်သွားကြသည် ။
ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်တွင် ကြီးမှားသော သွေးအိုင်ကြီးနှင့် ထိုသွေးအိုင်ထဲတွင် မလှုပ်မယှက် ငြိမ်သက်နေပြီဖြစ်သော ငဇော် ... ။

" ကိုကို "
ညီရဲ ခေါ်လိုက်မှ လက်ရှိ အခြေအနေကို ပြန်သတိရလာသည် ။
" ဟင် .. "
" ငဇော်သေတာ ဟို စာအုပ်နဲ့ ပတ်သတ်နေတယ်ထင်တယ် "
" ဘယ်စာအုပ်လဲ "
" သူငါ့ဆီကို ဖုန်းဆက်တယ်လို့ မင်းကိုငါ ပြောသားပဲ .. ဟိုအိမ်ကြီးက စာအုပ်လေ "
" ဖြစ်နိုင်ပါ့မလား "
" မဖြစ်နိုင်ဘူးဆိုရင် ငဇော်က ဘာလို့ ခုလိုလုပ်မှာလဲ "
" ငါလည်း ဒါကိုပဲ စဉ်းစားမရအောင် ဖြစ်နေတာ "
" သူ ငါ့ဆီကို ဖုန်ဆက်တုန်းက တစ်စုံတစ်ခုကို ကြောက်နေသလိုပဲ .. သေချာတာက အဲ့စာအုပ်ကို သူမယူလာဘူးဆိုတာပဲ "
" မင်းကလည်း သူမယူလာရင် အဲ့စာအုပ်က ဘယ်လိုပါလာမှာလဲ "
" ငါလည်း မသိဘူးလေ .. သူလည်း အဲ့စာအုပ်ကိုမြင်လို့ ငါ့ဆီ ဖုန်းဆက်လိုက်တာ .. အထဲမှာ.စာတွေရေးထားတယ်လို့လည်း ပြောသေးတယ် "
" ညီရဲ "
" ဟင် "
" ဒါဆိုရင် သူ့အခန်းထဲမှာ အဲ့စာအုပ် ရှိနေတယ်ပေါ့ "
" အေးကွ .. ငါတို့ ခုမှ စဉ်းစားမိတယ် "
" ငါတို့ သွားရှာကြည့်ရအောင် "
" ကောင်းတယ် "
ထို့နောက် သုသာန်မှ ဆိုင်ကယ်အမြန်မောင်းပြန်ကာ ငဇော့်အိမ်သို့ သွားကြသည် ။
ငဇော့်အိမ်တွင် အသုဘကိစ္စဖြင့် လူအချို့ရှိနေသေးသည် ။
ငဇော့်မိဘများထံ ခွင့်တောင်းကာ ငဇော့်အခန်းရှိရာသို့ တက်ခဲ့ကြသည် ။
ငဇော့်အခန်းထဲသို့ရောက်သော် ထိုစာအုပ်ကိုရှာကြသည် ။
မတွေ့ ။
" ညီရဲရေ .. နေရာလည်း နှံ့နေပြီ .. မတွေ့ဘူးကွ "
" ဟုတ်တယ် .. သေချာပြန်ရှာကြည့်ပါဦး "
ထို့နောက် ဒုတိယမ္မိ ရှာကြပြန်သည် ။
အဝတ်ဗီရို ၊ ကုတင်အောက်ပါမကျန် နှံ့နှံ့စပ်စပ် ရှာကြသေည်လည်း အနက်ရောင် မှတ်စုစာအုပ်လေးကိုမူ မတွေ့ခဲ့ကြပေ ။
" ငါတော့ လက်လျှော့လိုက်ပြီ ကိုကို "
ထိုစဉ် အခန်းထဲသို့ ငဇော်၏ မိခင် ဝင်လာသည် ။
" သားတို့ .. ဘာရှာနေကြတာလဲ "
" အန်တီမေ .. ဒီအခန်းထဲက မှတ်စုစာအုပ်လေးများ မတွေ့မိဘူးလား "
" မှတ်စုစာအုပ် "
" ဟုတ်ပါတယ် .. သားရေဖုံး အနက်ရောင်လေးပါ "
" အန်တီမေတို့တော့ ဒီအခန်းထဲက ဘာပစ္စည်းမှ ယူမထားပါဘူး .. အရင်အတိုင်းပဲ ထားတာ .. အဲ့စာအုပ်က ဘာဖြစ်လို့လဲ "
" ကျွန်တော်နဲ့ ငဇော် နောက်ဆုံး ဖုန်းပြောကြတုန်းက ငဇော်က အဲ့စာအုပ်လေးအကြောင်း ပြောလို့ပါ .. အဲ့ဒါကြောင့် လာရှာတာ .. ရှာမတွေ့ဘဲ ဖြစ်နေလို့ "
" အန်တီမေတော့ ဘာမှ မသိပါဘူးကွယ် .. သားတို့ပဲ ဆက်ရှာကြနော် .. ဒီအခန်းထဲမှာ ရှိပါလိမ့်မယ် .. အန်တီမေ အောက်က ဧည့်သည်တွေဆီ သွားလိုက်ဦးမယ် "
" ဟုတ်ကဲ့ပါ အန်တီမေ "
မျက်ရည်လေး ရစ်ဝဲကာ ထွက်သွားသော အန်တီမေကို သူတို့ ကိုယ်ချင်းစာမိသည် ။
သူတို့တောင် သူငယ်ချင်းဖြစ်သူအတွက် အတော်ခံစားနေရကာ မိခင်ဖြစ်သူဆိုပါက ဆိုဖွယ်ရာပင် မရှိတော့ ။
ငဇော်သည် တစ်ဦးတည်းသော သားမို့ မိဘများ ရင်ကွဲအောင် ခံစားနေရမှာကို တွေးကြည့်ရုံနှင့် သိနိုင်သည် ။
ထပ်မံ၍ ရှာကြည့်သော်လည်း မတွေ့သည့်အဆုံး၌ နှုတ်ဆက်ကာ ပြန်ခဲ့ကြသည် ။
ရင်ထဲတွင်တော့ မတင်မကျ ။

~~~~~~

ထိုအတောအတွင်း ကိုကိုနှင့် ညီရဲတို့ ငဇော်၏ ရက်လည်ကိစ္စကို ဝိုင်းကူလုပ်ကြရင်း အချိန်ကုန်ကြသည် ။
ရက်လည်ပြီးသည့်နေ့ ညနေပိုင်းက ကိုကိုနှင့် ညီရဲတို့ ဘီယာဆိုင် ထိုင်ဖြစ်ကြသည် ။
ငဇော်၏ အကြောင်းကို ကြေကွဲစွာ ပြောကြရင်း အတော်သောက်ဖြစ်ကြသည် ။
ထို့ကြောင့် ညဥ့်နက်မှ အိမ်ပြန်ခဲ့ကြသည် ။
ညီရဲက ဆိုင်ကယ်မပါသဖြင့် ကိုကိုက ညီရဲအိမ်သို့ လိုက်ပို့သည် ။
" ညီရဲ .. ဖြစ်တယ်နော် "
" ဖြစ်တယ် .. မနက်မှ တွေ့ကြတာပေါ့ "
" အေး .. ဒါဆို ငါပြန်ပြီ "
ကိုကို၏ ဆိုင်ကယ် ထွက်သွားသည်နှင့် ညီရဲလည်း ခြံတံခါးပိတ်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည် ။
အဖေနှင့် အမေတို့ အိပ်နေကြပြီမို့ တံခါးကို အသံမကြားအောင်ဖွင့်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည် ။
ထို့နောက် အပေါ့အပါးသွားကာ အိမ်ပေါ်သို့ တက်လာခဲ့သည် ။
အခန်းတံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည် ။
ကုတင်ပေါ် လှဲမည်အပြု
" ဟင် ... "
ကုတင်ပေါ်တွင် အနက်ရောင် မှတ်စုစာအုပ်လေး ။
" ငါ့မှာ.ဒီလိုစာအုပ်မရှိပါဘူး .. ဒီစာအုပ်က ဘယ်ကရောက်လာတာလဲ .. အဖေ အမေတို့များ .. အို .. မဖြစ်နိုင်ပါဘူး .. ဒါ .. ဒါဆို .. "
ညီရဲ တစ်စုံတစ်ခုကို စဉ်းစားမိသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ထုံကျဉ်သွားသည် ။
" ဒါ .. ဒါ .. ငဇော်ပြောတဲ့ စာအုပ်လား .. ငါ့ဆီ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "
အတွေးများက ညီရဲ၏ တစ်ကိုယ်လုံးကို ဆွဲကိုင်၍ လှုပ်လိုက်သည် ။
တုန်ယင်နေသော လက်အစုံဖြင့် စာအုပ်လေးကို အသာ ကောက်ယူလိုက်သည် ။

~~~~~~

ကိုကိုတစ်ယောက် အိမ်ပြန်ရောက်သည်နှင့် အိပ်ရာ တန်းဝင်ခဲ့သည် ။
ညဥ့်နက်သည်အထိ နေလေ့မရှိသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့သည် ။
နားထဲတွင် အသံအချို့ ကြားနေရသည် ။
မျက်လုံးက မဖွင့်နိုင် ။
ဆက်တိုက်ကြားနေရသဖြင့် ဖုန်းမြည်သံဖြစ်ကြောင်း သတိထားမိလိုက်သည် ။
ပေနေ၍ မရသည့်အဆုံး၌ အိပ်ချင်မူးတူးဖြင့် ဖုန်းကို လှမ်းယူကာ ပိတ်လိုက်မည်ပြုပြီးမှ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ညီရဲဆီက ။
မကိုင်မချင်း ခေါ်နေမှာမို့ ကိုင်လိုက်သည် ။
" ဟလို .. "
" ဟလို .. ဘယ်သူပါလဲ "
ညီရဲဖုန်းမှန်း သိသော်လည်း တစ်ဖက်လူ၏ အသံမှာ ပုံမှန်မဟုတ်သဖြင့် မေးလိုက်ရခြင်းဖြစ်သည် ။
" ကိုကို .. ငါ .. ငါပါကွ .. ညီရဲ "
ညီရဲဟု ပြောသောကြောင့်သာ.ကိုကိုလက်ခံလိုက်ရသော်လည်း ညီရဲ၏ အသံမှာ ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် ပြည့်နှက်နေသဖြင့် အသံ ဖမ်း၍ မရ ။
" ဘာလဲကွာ .. ငါအိပ်နေတာ "
" ကို .. ကိုကို .. "
" ညီရဲ .. မင်းဘာဖြစ်နေတာလဲ "
" ကိုကို .. စာ .. စာအုပ် .. "
" ဘာစာအုပ်လဲ "
" မှတ်စုစာအုပ် "
" ဟမ် .. "
" မင်းနဲ့ ငါ ငဇော့်အခန်းမှာ သွားရှာတဲ့ မှတ်စုစာအုပ်လေ "
" ဘာဖြစ်လို့လဲ "
" အဲ့ .. အဲ့ မှတ်စုစာအုပ် .. ငါ့ .. ငါ့ဆီရောက်နေတယ် "
" ဘာ .. "
အိပ်ချင်နေသည့်စိတ်များ အဝေးသို့ လွင့်စဉ်သွားကြသည် ။
" ဘာပြောတယ် ညီရဲ .. ဒါ .. ဒါ နောက်စရာ မဟုတ်ဘူးနော် "
" ငါ .. ငါမနောက်ဘူး ကိုကို "
" မင်းဆီကို ဘယ်လိုရောက်နေတာလဲ "
" ငါပြန်လာပြီး အခန်းထဲဝင်လိုက်တော့ ငါ့ကုတင်ပေါ်မှာ ရှိနေတာ "
" အဲ့စာအုပ်ဆိုတာ.သေချာလို့လား "
" သေချာတယ် .. ငါ အခု အရမ်းကြောက်နေပြီ .. အခန်းအပြင်လည်း မထွက်ရဲဘူး .. မင်း ငါ့ဆီလာခဲ့ပါလား "
" ဟင် .. ဘာ .. ဘာဖြစ်လို့လဲ .. အဲ့စာအုပ်က ဘာဖြစ်လို့လဲ "
" အ .. အထဲမှာ စာတွေရေးထားတယ် .. "
" ဘာ စာတွေရေးထားလို့လဲ "
" အထဲမှာ .. အထဲမှာ ရေးထားတာက .. "
ရုတ်တရတ် ဖုန်းလိုင်းပြတ်တောက်သွားသည် ။
" ဟလို .. ဟလို .. ညီရဲ .. "
ဖုန်းပြန်ခေါ်သည် ။
မရ ။
အကြိမ်ကြိမ်ခေါ်သည် ။
မဝင် ။
ထို့ကြောင့် အခန်းထဲမှ အမြန်ထွက်ကာ အိမ်အောက်သို့ ဆင်းခဲ့သည် ။
ည ၁၂ ထိုးပြီ ။
သူ ညီရဲထံသို့ အမြန်သွားမှဖြစ်မည် ။
ငဇော်တုန်းကလည်း သူပေါ့ဆမိလို့ ငဇော်၏ အသက်ကို အချိန်မီ မကယ်တင်နိုင်ခဲ့ပေ ။
ထို့ကြောင့် နောင်တကြီးစွာ ရခဲ့သည် ။
ညီရဲကိုတော့ ထိုအဖြစ်မျိုး ထပ်အဖြစ်မခံနိုင် ။
သူ အချိန်မီ သွားမှဖြစ်မည် ။
ညီရဲမှာ.အမှန်တကယ်ပင် ကြောက်လန့်နေကြောင်း သူ၏ အသံများက သက်သေခံနေကြသည်မို့ ကိုကို သံသယကင်းသည် ။
သူစဉ်းစားမရသည်က မှတ်စုစာအုပ် ။
နယ်တွင် စူးစမ်းလိုစိတ်ဖြင့် သွားရောက်ခဲ့သော အိမ်ကြီးတွင် တွေ့ခဲ့ရသည့်  အနက်ရောင် မှတ်စုစာအုပ်လေး ။
ငဇော်ယူခဲ့မည်ဟု ပြောသဖြင့် သူတို့၏ တားမြစ်မှုကြောင့် ငဇော် မယူခဲ့ပေ ။
သို့သော် ထူးဆန်းစွာပင် ထိုစာအုပ်လေးသည် ငဇော့်ထံသို့ ရောက်လာခဲ့သည် ။
ထို့နောက် ငဇော် သေဆုံးသွားခဲ့သည် ။
ယခင်နေ့က ငဇော့်အခန်းတစ်ခုလုံးကို မွေနှောက်က. ထိုစာအုပ်လေးကို ကိုကိုနှင့် ညီရဲတို့ ရှာခဲ့ကြသည် ။
မတွေ့ခဲ့ ။
ယခုမူ ထိုစာအုပ်လေးသည် ညီရဲထံသို့ ရောက်ရှိလာပြီ ။
ထိုစာအုပ်က ဘာလဲ ။
ဘာ့ကြောင့် သူ့အလိုလို ရောက်လာရတာလဲ ။
အထဲမှာ ဘာတွေ ရေးထားလို့လဲ ။
ငဇော်က အဲ့စာအုပ်ကို ရပြီးတာနဲ့ ဘာကြောင့်မို့ သူကိုယ်သူ သတ်သေရတာလဲ ။
ယခုလည်း .. ။
ညီရဲတစ်ယောက် ... ။
ကိုကို ဆက်မတွေးတော့ဘဲ ဆိုင်ကယ်ကို ခြံပြင်သို့ တွန်းထုတ်လာခဲ့သည် ။
အိမ်ထဲမှာ စက်နှိုးလျှင် အဖေနှင့် အမေတို့ နိုးသွားနိုင်သည်မဟုတ်လား ။
ထို့နောက် ညီရဲအိမ်သို့ အမြန်မောင်းလာခဲ့လိုက်သည် ။
စိတ်ထဲမှလည်း ညီရဲ ဘာမှမဖြစ်ပါစေနဲ့ဟု ဆုတောင်းလျှက် ... ။

******
ဆက်ရန်>>>

သေမင်းတမန်​ စာအုပ်​ အပိုင်း ၁




သေမင်းတမန်စာအုပ်၁
***********

" ကျိ .. ကျိ .. ကျွီ ... "
ယိုယွင်းစပြုနေပြီဖြစ်သော ကျွန်းတံခါးကြီး၏ ပတ္တာများမှာ သံချေးတက်နေပြီဖြစ်သောကြောင့် အသံများ ထွက်ပေါ်လာသည် ။
အထဲတွင် မှောင်မည်းခြင်းနှင့်အတူ အနံ့အသက်အချို့ အပြင်သို့ အလုအယက် တိုးထွက်လာကြသည် ။
" အိမ်ကြီးကလည်း မှောင်မည်းနေတာပဲ "
" ဟုတ်ပါ့ကွာ .. နေတဲ့သူမရှိတော့ အတော်တောင် ပျက်စီးနေပြီ "
" ဟေ့ရောင်တွေ .. စကားများမနေကြနဲ့ .. တော်ကြာ လူတွေမြင်ကုန်လိမ့်မယ် .. မြန်မြန်ဝင်ကြ "
ကိုကိုက ထိုသို့ပြောလိုက်မှ စကားများနေသော ညီရဲနှင့် ငဇော်တို့ အထဲသို့ အမြန်ဝင်လိုက်ကြသည် ။
" တံခါးကို ပြန်ပိတ်လိုက် ညီရဲ "
တံခါးပိတ်လိုက်သော် အထဲတွင် အမှောင်ထုက ပြန်လည်အုပ်စိုးသွားသည် ။ ထို့ကြောင့် အသင့်ပါလာသော ဓာတ်မီးအငယ်လေးများကို ထုတ်လိုက်ကြသည် ။
စင်စစ် ကိုကို ၊ ညီရဲနှင့် ငဇော်တို့သည် ဤမြို့လေးသို့ အလည်အပတ် ရောက်ရှိလာခြင်းဖြစ်သည် ။
ဤမြို့တွင် ညီရဲ၏ ဆွေမျိုးများ ရှိသဖြင့် ကျောင်းမဖွင့်သေးမီ သုံးရက်ခန့် အလည်ရောက်လာခြင်းဖြစ်သည် ။ ညီရဲက ခေါ်သဖြင့် ကိုကိုနှင့် ငဇော်တို့ လိုက်ပါလာခြင်းဖြစ်သည် ။
ယနေ့သည် သုံးရက်မြောက်သည့် နောက်ဆုံးနေ့ ။
ညနေတွင် အိမ်ပြန်ရန် ကားလက်မှတ်လည်း ဖြတ်ပြီးသွားပြီ ။
ထိုသို့ ပြန်အံ့ဆဲဆဲတွင် ဤအိမ်ကြီးနှင့်ပတ်သတ်၍ လူပြောများလှသည်ကို သိရှိခဲ့ကြ၍ ရောက်လာကြခြင်းဖြစ်သည် ။
ယခု သူတို့ရောက်နေသော ကြီးမားလှသည့် ပျဉ်ထောင်အိမ်ကြီးမှာ ဟောင်းနွမ်းဆွေးမြေ့ကာ နေမည့်သူမရှိပေ ။
လူမနေခြင်းထက် မနေဝံ့သည်ဟု ပြောက ပို၍ မှန်ပေလိမ့်မည် ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆိုပါအိမ်ကြီးတွင် မိသားစုငါးဦး နေထိုင်ခဲ့ဖူးသည် ။
ထိုမိသားစုဝင်ထဲမှ တစ်ဦးသည် စိတ်ဖောက်ပြန်သလိုဖြစ်ကာ ကျန်မိသားစုဝင်အားလုံးအား ရက်စက်စွာ သတ်ဖြတ်လိုက်သည် ။
သူ့ကိုယ်သူလည်း အဆုံးစီရင်သွားသည် ။
ထိုအဖြစ်အပျက်ကြီး၏ အသေးစိတ်ကိုမူ မည်သူမျှ ဂဃနဏ မသိရှိကြ ။
နောက်ပိုင်းတွင် ထိုအိမ်ကြီး၌ နေသမျှ လူအားလုံး သည် အသက်ရှင်လျှက် ပြန်သွားရသည် မရှိပေ ။
တစ်စုံတစ်ရာကို ကြောက်လန့်ကာ နှလုံးရပ်၍ သေဆုံးသွားကြသည် ။ မျက်လုံးကြီးမှာ အဆမတန် ပြူးထွက်နေကာ မျက်နှာမှာ သွေးဆုတ်ကာ မချိမဆန့် ခံစားနေရပုံ ။
သေဆုံးသူ အားလုံးမှာ ထိုတစ်ပုံစံတည်း သာ သေဆုံးကြသဖြင့် နောက်ပိုင်းတွင် မည်သူမျှ မနေဝံ့တော့ကာ ယခုကဲ့သို့ ပျက်စီးခြင်းအဖြစ်သို့ ရောက်ခဲ့လေတော့သည် ။
ကိုကိုတို့ သုံးယောက်မှာမူ ထိုအကြောင်းများကို ယနေ့မှ သိခွင့်ရသဖြင့် စိတ်ထဲတွင် မတင်မကျ ခံစားနေကြရသည် ။
ထိုသို့သော ကိစ္စများကို သူတို့စိတ်ဝင်စားကြသည် ။
ပရလောကကိုမူ ခေတ်လူငယ်ပီပီ အယုံအကြည်မရှိကြပေ ။
စူးစမ်းလိုမှုတစ်ခုအတွက် သာ ရောက်လာကြခြင်း ဖြစ်သည် ။
အချိန်အခါအားဖြင့် နေ့ကာလပင် ဖြစ်သော်ငြား မြို့စွန်တွင် ထီးထီးကြီး ဆောက်လုပ်ထားသော ထိုအိမ်ကြီး၏ အတွင်းပိုင်း၌မူ မှောင်မည်းတိတ်ဆိတ်နေကာ လူသားများ၏ စိတ်ကို သိမ်ငယ်သွားစေသည် ။
ကြမ်းပြင်တွင် ဖုန်အလိမ်းလိမ်းတက်နေပြီး ယိုင်နဲ့နေသော စားပွဲခုံများမှာလည်း ဖုန်ထုတက်ကာ မသေသပ်စွာ ပြန့်ကျဲနေသည် ။
ပင်းကူအိမ်များမှာ နေရာအနှံ့အပြား၌ ကြီးစိုးမင်းမူနေသည်မှာ ပင့်ကူများအတွက် ဆောက်လုပ်ပေးထားသော ပင့်ကူရွာကြီးပမာ ။
" ဟေ့ရောင်တွေ .. ဘာမှလည်း မထူးခြားဘူးနော် "
" မင်းက ဘာထူးခြားချင်တာလဲ ညီရဲ "
" သရဲမခြောက်လို့လေ "
" ငါတို့လာတာ နေ့ခင်းလေ .. ဘယ်က သရဲက ခြောက်မှာလဲ "
" ညဖက်လာရင်လည်း ဘာသရဲကြီးပဲ ထွက်လာလာ. . . ငါတော့ မကြောက်ပါဘူး "
" ညီရဲရာ .. ညနေပြန်ရမှာမို့.. နို့ဆို ညလာတယ် .. မကြောက်ဘူး ဆိုတဲ့ကောင်ကို ပြချင်လို့ "
" မင်းက ကြောက်တယ်ပေါ့ ကိုကို "
" ကြောက်လား မကြောက်လားတော့ ငါမသိဘူး .. သေချာတာတစ်ခုက ငါက သရဲ တစ္ဆေ ဆိုတာကို အယုံအကြည်ကို မရှိတာ "
" ဟုတ်တယ်ကွ .. ငါလည်း အဲ့လိုပဲ .. ရှိတယ်ပဲထားဦး .. သူတို့က လူကို ဘာလုပ်နိုင်မှာလဲ "
" ဒါပေမယ့် .. ဒီအိမ်က သရဲကတော့ ဘယ်လိုလုပ်တယ်မသိဘူးနော် .. သေအောင်ဖြစ်တာ ဆိုတော့ "
" ဒီမှာ ညီရဲ .. ဒါက ယုံတမ်းစကားတွေ .. သူတို့ထင်ရာ မြင်ရာ စွတ်ပြောနေကြတာ .. "
" ငဇော်ပြောတာ ဟုတ်တယ် ညီရဲ ... တကယ်လို့သာ ဒီအိမ်မှာ ပရလောကသားရှိနေတယ်ဆိုရင် တစ်ခုခုတော့ ထူးခြားရမှာပေါ့ .. မြင်လိုက်ချင်စမ်းပါဘိ "
အာဂလူငယ်များပင်တည်း ။
" ဂလုံး ... ဒေါက် ... "
အပေါ်ထပ်မှ အသံများကြောင့် ရုတ်တရက် လန့်သွားမိကြသည် ။
" အပေါ်ထပ်က ဘာသံတွေလဲကွ "
" သူတို့ရှိကြောင်း အသိပေးတာထင်တယ် "
" တော်စမ်းပါကွာ .. အပေါ်တက်ကြည့်ကြရအောင် "
မည်သူမှ မငြင်း ။
အပေါ်ထပ်သို့ တက်သော လှေကားထစ်များကို အသာအယာနင်းကာ အပေါ်သို့ တက်ခဲ့ကြသည် ။ လှေကားနေရာအချို့မှာ ပိုးစားထားသဖြင့် သတိဖြင့် သွားနေရသည် ။
လှေကားမှာ လူသုံးယောက် ဝိတ်ကြောင့် ခပ်လှုပ်လှုပ်ဖြစ်နေသည် ။
အပေါ်ထပ်တွင် အခန်းကျယ်ကြီး တစ်ခန်းနှင့် အခန်းငယ် ၃ ခန်းရှိသည် ။
အခန်းကျယ်ကြီးမှာ.ဘုရားခန်း ဖြစ်ခဲ့ဟန်တူသော်လည်း ဘာမှ မရှိပေ ။
ပင့်ကူအိမ်များကြားမှ ဗီဒိုအဟောင်းအပျက်များ ၊ သစ်သား အတိုအစများ ၊ စားပွဲပျက်များကို တွေ့ကြရသည် ။
" ခုနတုန်းက အသံကြားတာ ဘယ်နားကလဲ "
" ကြွက်ထင်ပါတယ်ကွာ .. လူမနေတော့လည်း ကြွက်တွေ သောင်းကျန်းနေမှာပေါ့ "
" ဟေ့ရောင်တွေ.. ဟိုအခန်းတွေထဲ ဝင်ကြည့်ရအောင် "
" ကြည့်လေ "
ထို့နောက် အခန်းငယ်များအတွင်းသို့ ဝင်ကြည့်သော်လည်း အပြင်နှင့် ထူးမခြားနား ။ ကုတင်ပျက် ၊ ဗီရိုပျက် ၊ အဝတ်အစား အချို့ကို ဖယိုဖရဲဖြင့် တွေ့ရသည် ။
နောက်တစ်ခန်းလည်း ထိုနည်း လည်းကောင်း ။
အစွန်ဆုံးရှိ အခန်းမှာမူ အနည်းငယ် ထူးဆန်းနေသယောင် ထင်ရသည် ။
အဘယ်ကြောင့်ဆိုသော် အခြားနှစ်ခန်းတွင် တံခါးရွက်မရှိ ။ ထိုအခန်းတွင် တစ်ခါးရွက်ရှိနေပြီး တံခါးကို စေ့ထားသည် ။
" ဟေ့ရောင်တွေ.. ဝင်ကြမလား "
" ဘာလို့ ပြန်မေးနေတာလဲ "
" အပေါက်ပိတ်ထားတော့ အထဲမှာ တစ်ခုခုများ ရှိနေမလားလို့ "
" မင်းကို ခေါ်လာမိတာ မှားပါတယ်ကွာ "
တံခါးဖွင့်ရန် တွန့်ဆုတ်နေသော ညီရဲကို ဘေးသို့ တွန်းကာ ကိုကိုက တံခါးကို တွန်းဖွင့်လိုက်သည် ။
" ဟင် .. "
ကိုကို ကြက်သီးမွေးညင်းများ ထသွားသည် ။
တံခါးရွက် ပွင့်သွားသည်နှင့် ကုတင်ပေါ်တွင် အပေါက်ကို ကျောပေးကာ ထိုင်နေသူတစ်ဦးကို တွေ့လိုက်ရပြီး သူ့မျက်စိရှေ့မှာပင် ထိုလူ ပျောက်သွားသည် ။
" ဘာဖြစ်တာလဲ ကိုကို "
" ဘာမြင်လို့လဲ "
ညီရဲနှင့် ငဇော်တို့က ထိုသို့ မေးသဖြင့် ကိုကို အံ့သြသွားသည် ။
" ဟင် .. မင်းတို့ မမြင်လိုက်ဘူး "
" ဘာလဲ .. "
" ဘာမြင်ရမှာလဲ "
" ငါပဲ အကြည့်မှားတာလား မသိပါဘူး .. ကုတင်ပေါ်မှာ လူတစ်ယောက်ထိုင်နေတာကို ငါတွေ့လိုက်ရတယ် .. ပြီးတော့ ပျောက်သွားရော "
" ဟား ဟား ဟား ... ငါတို့ကကြောက်မယ်များ ထင်နေတာလား "
" အေးလေကွာ .. အခြားနည်းနဲ့ နောက်ရင်တောင် ငါတို့အထွက် ထူးဆန်းချင်ထူးဆန်းဦးမှာ "
" ဟေ့ရောင်တွေ.. ငါနောက်နေတယ်လို့ မင်းတို့ ထင်နေတာလား "
ကိုကိုမှာ အတည်ပေါက်ဖြင့် ပြောနေသော်လည်း ကျန်နှစ်ယောက်မှာ စပ်ဖြီးဖြီး လုပ်နေကြသည် ။
" မင်းက သရဲခြောက်တယ်လို့ ပြောချင်တာလား "
ငဇော်က ထိုသို့ မေးသော်လည်း ကိုကို လက်မခံနိုင် ။
" မဟုတ်ပါဘူးကွာ .. ငါအမြင်မှားတာနေမှာပါ "
" ဘာပဲ ဖြစ်ဖြစ်လေ .. သရဲဆိုရင်တောင် အဲ့ဒီသရဲက သူ့အိမ်မှာ နေတဲ့လူကိုသာ သတ်လို့ရတာ .. ငါတို့ကိုတော့ ဘယ်သတ်လို့ ရမလဲကွာ "
" အေးလေ .. သရဲကြီးရေ .. ကျွန်တော်တို့ကို လာခြောက်လို့ကတော့ ခင်ဗျား မောတာပဲ အဖတ်တင်လိမ့်မယ် .. ကျွန်တော်တို့ကတော့ မကြောက်တတ်လို့ အားနာလိုက်တာဗျာ "
" ဟား.ဟား ဟား "
အားလုံး သဘောကျစွာ ရယ်ပြီးနောက် အခန်းထဲ ဝင်ကြသည် ။
ထိုအခန်းထဲတွင်မူ ကုတင်က အကောင်းပကတိရှိနေပြီး အခန်းအနေအထားမှာလည်း အခြားအခန်းများကဲ့သို့ ရှုပ်ပွ၍ မနေ ။ အနည်းငယ် သပ်ရပ်နေသည် ။
သူတို့အတွက်တော့ စိတ်ဝင်စားဖွယ်ရာ တစ်စုံတစ်ရာ ပေးစွမ်းနိုင်ခြင်း မရှိပါ ။
ငဇော်သည် ကုတင်ဘေးရှိ စင်အမြင့်လေးပေါ်သို့ လျှောက်ကြည့်ရာမှ အမှတ်မထင် အနက်ရောင် စာအုပ်လေးတစ်အုပ်ကို တွေ့သွားသည် ။
သားရေဖုံး အနက်ရောင်နှင့် လက်တစ်ဝါးသာသာ မှတ်စုစာအုပ်လေးပင် ။
ငဇော် စိတ်ဝင်စားသဖြင့် ထိုစာအုပ်လေးကို ယူကြည့်လိုက်သည် ။
စာအုပ်လေးမှာ အသစ်အတိုင်ပင် ရှိသေးသည် ။
အထဲတွင်မူ ဘာစာမှ ရေးမထား ။
" ဟေ့ရောင်တွေ.. ဒီမှာ စာအုပ်လေးတစ်အုပ် "
" ဘာစာအုပ်လဲ "
" မှတ်စု စာအုပ်လေးကွ "
" ဘာတွေ ရေးထားလို့လဲ "
" ဘာမှတော့ ရေးမထားဘူးကွ .. စာအုပ်လေးက အသစ်ပဲရှိသေးတယ် .. ငါယူခဲ့လိုက်မယ် "
" မလုပ်နဲ့ ငဇော် .. ဒီအိမ်မှာ အစိမ်းသေပြီး မကျွတ်တဲ့လူတွေ အများကြီး .. တော်ကြာ လာတောင်းနေဦးမယ် "
" ဟုတ်ပါတယ် ငဇော်ရာ ... ယူမနေပါနဲ့ .. မင်းလိုချင်ရင် ငါဝယ်ပေးပါ့မယ် "
ထိုသို့ပြောကြသဖြင့် ငဇော်လည်း ထိုစာအုပ်လေးကို မချချင် ချချင်ဖြင့် မူလနေရာသို့ ပြန်ချထားလိုက်သည် ။
" လစ်ကြရအောင် .. ဘာမှ စိတ်ဝင်စားစရာမရှိဘူး "
" ဟုတ်ပါ့ကွာ .. နာမည်ကြီးထမင်းငတ်ဆိုတာလိုပေါ့ .. ငါ့တော့ ဘာများတွေ့လေမလဲဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ "
" သွားမယ်ကွာ .. အထုပ်တွေပြင်ရဦးမှာ .. တော်ကြာ ကားမမီဘဲနေဦးမယ် "
ထို့နောက် ထိုအခန်းထဲမှ ပြန်ထွက်ကာ အောက်ထပ်သို့ ဆင်းခဲ့ကြသည် ။
ထိုမှတစ်ဖန် အိမ်ပေါက်ကို ဖွင့်ကာ အပြင်သို့ထွက်ပြီး အိမ်တံခါးကို ပြန်စေ့ထားလိုက်သည် ။
" ဝုန်း .. "
သူတို့ခြံဝသို့ရောက်သော် ဝုန်း ဆိုသော အသံကြီးကြောင့် နောက်လှည့်ကြည့်ကြရာ အိမ်တံခါးကြီး ပွင့်သွားခြင်း ဖြစ်သည် ။

~~~~~~~~~~~

အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ညတွင် ဖြစ်သည် ။
ကိုကို ၊ ညီရဲနှင့် ငဇော်တို့သည် နေထိုင်သော ရက်ကွက်ချင်း မတူကြပေ ။
သို့သော် သက်တူရွယ်တူ ကျောင်းနေဖက် ငယ်သူငယ်ချင်းများမို့ အတော် ခင်မင်ခဲ့ကြသည် ။
ညီရဲတစ်ယောက် နေ့ခင်းက အနည်းငယ်အိပ်ထားသောကြောင့် ညဦးပိုင်း မအိပ်ချင်သေးပေ ။ ထို့ကြောင့် ဖုန်းဖြင့် ဂိမ်းကစားနေသည် ။
ည ၁၁ ခွဲခန့်တွင် ဖုန်းဝင်လာသည် ။
ငဇော့် ဖုန်း ။
" ဟလို .. ငဇော် "
" ညီ .. ညီရဲ "
ငဇော်၏ အသံမှာ ပုံမှန်မဟုတ် ။
" ငဇော် .. အချိန်မရှိမှ ဘာကိစ္စလဲကွ .. မင်းစကားပြောတာ တစ်မျိုးကြီးလိုပဲ .. ဘာဖြစ်တာလဲ .. နေမကောင်းဘူးလား "
ငဇော့်ထံမှ ချက်ချင်း မတုံ့ပြန် ။ အတန်ငယ်ကြာမှ တုန်ရီလှုက်မောသောအသံဖြင့်
" ညီရဲ "
" ပြောလေ "
" ဟိုအိမ်ကြီးက စာအုပ်လေး မင်းတို့ငါ့အိတ်ထဲ ထည့်ပေးလိုက်တာလား "
" ဘာစာအုပ်လဲ "
" မှတ်စုစာအုပ် အမည်းလေးလေ "
" မထည့်ပါဘူးကွ "
" ဟင် .. အဲ့ စာအုပ် .. ငါ့ .. ငါ့ဆီ ရောက်နေတယ် "
" ဘာ .. နောက်မနေနဲ့ ငဇော် "
" ငါမနောက်ဘူး .. ငါက မင်းတို့များ ထည့်ပေးလိုက်တာလားလို့ .. အထဲမှာ ရေးထားတဲ့ စာတွေတောင် ငါဖတ်ပြီးသွားပီ "
" မဖြစ်နိုင်တာကွာ .. အဲ့စာအုပ် ပါလာတယ်ဆိုရင်တောင် ဘာမှ မရေးထားတာ ငါတို့သိနေတာပဲ "
" မဟုတ်ဘူး .. ရေး .. ရေးထားတယ် "
" ဘာတွေရေးထားတာလဲ "
" အထဲမှာ .. အထဲမှာ .. "
" ငဇော် .. ဟလို .. ဟလို ... "
ဖုန်းကျသွားသည် ။
ညီရဲ ပြန်ခေါ်သည် ။
မရ ။
အကြိမ်ကြိမ်ခေါ်သော်လည်း မရသဖြင့် လက်လျှော့ကာ ကိုကို့ဆီ ဆက်လိုက်သည် ။
တစ်ကြိမ်နှင့် မကိုင် ။
သုံးကြိမ်မြောက်မှ အိပ်ချင်မူးတူးသံဖြင့် ကိုင်လေသည် ။
" ညီရဲ .. ဘာလဲကွာ .. အိပ်ပျော်နေကာမှ "
" ကိုကို .. ငဇော် မင်းဆီကို ဖုန်းဆက်သေးလား "
" မဆက်ဘူး .. ဘာလို့လဲ "
" ခုလေးတင်ပဲ ငဇော်ငါ့ဆီ ဖုန်းဆက်တယ် "
" အဲ့ဒါ ဘာဖြစ်လဲ "
" သူ့ပုံစံက မူမမှန်ဘူးကွ .. ပြီးတော့ ငါတို့ ရောက်သွားခဲ့တဲ့ အိမ်ကြီးမှာ သူယူခဲ့မယ်လို့ပြောတဲ့ စာအုပ်ကို မင်းမှတ်မိလား "
" အင်း .. "
" သူက အဲ့စာအုပ်ကို ငါတို့ ထည့်ပေးတာလား မေးနေတာကွ "
" ဟမ် .. "
" သူ့ဆီမှာ အဲ့စာအုပ်ပါလာတယ်တဲ့ကွ "
" သူယူလာလို့ ဖြစ်မှာပေါ့ "
" သူ ငါတို့ရှေ့မှာ ပြန်ထားလိုက်တာ မင်းလည်း အမြင်ပဲလေ "
" သူက လိုချင်နေတော့ ငါတို့မသိအောင် ယူချင်ယူလာမှာပေါ့ "
" မဖြစ်နိုင်ဘူး .. ငဇော့်ပုံကြည့်ရတာ တစ်ခုခုကို ကြောက်နေတဲ့ပုံပဲ .. စာအုပ်ထဲက စာကို သူဖတ်ပြီးပြီလို့ ပြောတယ် "
" စာအုပ်မှာ.ဘာမှမရေးထားဘူးလို့ သူပဲပြောခဲ့တာလေ "
" ဒါကြောင့် ငါလည်း ထူးဆန်းနေတာ .. ဘာရေးထားတာလဲ မေးတော့ ဖုန်းကျသွားတယ် .. ဘယ်လိုမှ ပြန်ခေါ်လို့မရလို့ မင်းကို ခေါ်လိုက်တာ "
" ညီရဲ .. ငကြောင် .. အဲ့ဒါ မင်းကို ဟိုကောင်က ကျပ်သွားတာ .. ဒီကောင် ဒီလိုလုပ်တတ်တာ မင်းလည်း အသိသားနဲ့ .. ငါ့ကို အိပ်ရေးပျက်အောင်လုပ်တယ် "
" ငါတော့ အဲ့လိုမထင်ဘူး ကိုကို .. ငဇော့်အိမ်ကို ငါတို့သွားကြည့်ရင် မကောင်းဘူးလား "
" ဘယ်အချိန်မို့လို့လဲ .. ဆယ်နှစ်တောင် ကျော်နေပြီ မင်းဖာသာ တစ်ယောက်တည်း.သွား .. ငါတော့ ပြန်အိပ်ပြီ "
ကိုကို က ထိုသို့ပြောကာ ဖုန်းချသွားသဖြင့် ညီရဲမှာ ဘာမှ ပြောချိန်မရတော့ ။
ငဇော့်ထံ ဖုန်းထပ်ဆက်သည် ။
မရပေ ။
ကိုကိုပြောသလိုပင် ငဇော်နောက်နေတာလည်း ဖြစ်နိုင်သည် ။
ထို့ကြောင့် အိပ်ယာပေါ် လှဲလိုက်သည် ။
အိပ်၍မပျော် ... ။

********
ဆက်ရန် >>>